ပျံသန်းရင်းနဲ့ လွင့်မြောခြင်း

ကျယ်ပြောတဲ့ လောကဟင်းလင်းပြင်ထဲမှာ ကျနော်တို့တွေ ကူးခတ်နေကြတယ်ဆိုရင် မှားမယ် မထင်ပါဘူး.. သို့ပေသော်လည်း ကျနော်တို့တွေရဲ့ ဘ၀တွေကတော့ အင်မတန် တိုတောင်းလှပါတယ်… တိုတောင်းတဲ့ ဘ၀တွေကို ကူးဖြတ်နေတဲ့ ကျနော်တို့ကတော့ အဆုံးအစမဲ့တဲ့ လွတ်လပ်မှုတွေကို လိုချင်တပ်မက်ကြပါတယ်.. တကယ်တော့ ဒါတွေဟာ မှားယွင်းနေမယ်လို့ ကျနော် ယူဆပါရစေ.. ကျနော်တို့ ဘ၀တွေရဲ့ လွတ်လပ်မှုဟာ ကျနော်တို့ စိတ်တွေရဲ့ ထိန်းချုပ်ဟန့်တားနိုင်တဲ့ စွမ်းအင်ထက် ကျော်လွန်၍ မရနိုင်ပါဘူး… ကျနော်တို့တွေဟာ လွတ်လပ်မှုကို ခုံမင်နှစ်ခြိုက်သင့်တာမှန်ပေမယ့် ကျနော်တို့ရဲ့ လွတ်လပ်မှုဟာ စည်းတဘက်ကို ကျော်လွန်ပြီး အနားသတ်မရှိဘူးဆိုခဲ့ရင် ကျနော်တို့တွေရဲ့ လွတ်လပ်စွာ ပျံသန်းခြင်းဟာ မှားယွင်းနေပါလိမ့်မယ်.. တကယ်တော့ ဒါဟာ လွတ်လပ်စွာ လွင့်မျောခြင်း သက်သက်သာဖြစ်ပါလိမ့်မည်..

ကျနော်တို့ဟာ လွတ်လပ်စွာ ပျံသန်းချင်တယ်ဆိုရင် လွတ်လပ်မှုရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိရပါလိမ့်မည်.. ကျနော်တို့တွေ ဘ၀ကို ပျံသန်းတဲ့အခါ ကျနော်တို့ ပျံသန်းနေတဲ့ အရှိန်နဲ့ ဟင်းလင်းပြင်ကို သုံးသပ်ရပါလိမ့်မည်.. အကယ်၍ မသုံးသပ်ခဲ့ဘဲ  ပျံသန်းနေခဲ့မယ် ဆိုရင်တော့ လွတ်လပ်မှုရဲ့ ထိုးနှက်ခြင်းကို ကျနော်တို့ မလွှဲမသွေ ခံရပါလိမ့်မည်.. လွတ်လပ်မှုရဲ့ ထိုးနှက်ခြင်းဟာ.. ကျနော်တို့တွေရဲ့ ဘ၀တွေ၊ စာရိတ္တတွေနဲ့ မိသားစုတွေ ကို ကြေမွသွားစေနိုင်တဲ့အထိ ချေဖျက်ပစ်နိုင်တဲ့ အစွမ်းသတ္တိမျိုးတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ကျနော်တို့တွေသိထားသင့်ပါတယ်..

လွတ်လပ်စွာ လွင့်မျောခြင်းနှင့် လွတ်လပ်စွာ ပျံသန်းခြင်းကို ကျနော်တို့ သေချာစွာ ခွဲခြားနိုင်ရပါမည်.. ကျနော်တို့ဟာ ဘ၀ရဲ့ မျှော်လင့်မှုတွေကို ရုန်းကန်မှု ကိုယ်စီနဲ့  အနာဂါတ်ပန်းတိုင်ဆီကို အဓိပ္ပါယ်ရှိရှိ ပျံသန်းနေသည့်တိုင် အချိန်အတိုင်းတာတစ်ခုအတွင်းမှာပဲ လွတ်လပ်မှုကို သတိလက်လွတ် အလွဲသုံးစားလုပ်ခဲ့ရင်ပဲ လွတ်လပ်မှုရဲ့ ရိုက်နှက်မှုဟာ ဘ၀တစ်ခုလုံး လွင့်ထွက်သွားစေနိုင်ပါတယ်.. လွတ်လပ်မှုဟာ ကျနော်တို့ တွေကို လမ်းခွဲပေါင်းများစွာနဲ့ အနာဂါတ်ပန်းတိုင်ဆီကို ပျံသန်းခွင့်ပြုနေသလို .. လမ်းလွှဲပေါင်းများစွာနဲ့ ၀င်္ကပါ တစ်ခုလိုလည်း ရှိနေတတ်ပါတယ်..

လွတ်လပ်မှုရဲ့ အတိုင်းအတာတစ်ခုကို ကျနော်တို့ရဲ့ စိတ်တွေရဲ့ ခံနိုင်မှုစွမ်းအားနဲ့ တိုက်ရိုက် အချိုးကျနေမှသာလျှင် တန်ဖိုးရှိသောလွတ်လပ်ခြင်း ဖြစ်ပါလိမ့်မည်.. အဲဒီလို အချိုးကျနေမယ်ဆိုရင်တော့ ကျနော်တို့ ဘ၀အနာဂါတ်ထဲက အသိုက်တွေဆီကို ဘေးမသန်း ရန်မသီဘဲ ပျံသန်းနိုင်မယ်လို့ ကျနော်ယူဆပါရစေ.. ကျနော်တို့ ဘ၀အနာဂါတ်ထဲက လွတ်လပ်မှုတွေဟာ အနန္တစည်းဝိုင်း တစ်ခု မဟုတ်ပါဘူး.. အနားသတ်ထားတဲ့ အပိုင်းခြားတစ်ခုအတွင်းမှာသာ ဖြစ်သင့်ပါတယ်.. တကယ်တော့ ကျနော်တို့တွေဟာ မိမိပျံသန်းရာ လမ်းကြောင်းမှာ လွတ်လပ်စွာပျံသန်းနေတာလား.. လွတ်လပ်စွာ လွင့်မျောနေတာလားဆိုတာ  ခွဲခြားရင်း ဘ၀ရဲ့ အနာဂါတ်ကို အေးချမ်းစွာ ပျံသန်းနိုင်ပါစေလို့ ဆန္ဒပြုလျက်…..

Popularity: 85% [?]

5 Responses to “ပျံသန်းရင်းနဲ့ လွင့်မြောခြင်း”

  1. အေးချမ်းချင်ပါ၏

  2. ရုန်းကန်ရင်းနဲ့လွတ်လပ်စွာပျံသန်းနိုင်ဖို့ကျွန်တော်တို့ကြိုးစားလိုက်မယ်ဆိုရင်
    ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာအခြေအနေနဲ့ ကျွန်တော်တို့အေးဆေး
    စွာဖြတ်သန်းနိုင်လိမ့်မယ်လို့ထင်တယ်နော့်

  3. ပျံသန်းနေရင်းနဲ့ တခါတလေတော့ လွင့်မျောမိတယ်…သတိနဲ့ပြန်ထိန်းရတယ်ဗျာ..
    ခင်ဗျားပြောသလို အကန့်အသတ်တစ်ခုအတွင်းမှာပဲ အချိန်က ရှိတာကိုး..ဒါကလည်း ဘဝပဲလေ..

  4. ကောင်းတဲ့ အတွေးတွေပါ။
    ခေါင်းစဉ်လေးက ပျံသန်းခြင်းနှင့် လွင့်မြောခြင်းဆိုရင် ပိုလို့ကောင်းမလားပဲ။

  5. ကျနော်တို့ ဘ၀အနာဂါတ်ထဲက လွတ်လပ်မှုတွေဟာ အနန္တစည်းဝိုင်း တစ်ခု မဟုတ်ပါဘူး.. အနားသတ်ထားတဲ့ အပိုင်းခြားတစ်ခုအတွင်းမှာသာ ဖြစ်သင့်ပါတယ်..

    မှန်ပါပေတယ်ကဗျာဆရာ
    မှတ်သားသွားပါတယ်
    ခင်မင်လျက်

Leave a Reply