အကယ်ဒမီဘတိုး… ဘတိုးဘလော့ဂါ

… ဟူး…၀ါး… ဟင်…
ကိုဘတိုး… သေအောင်အိပ်နေတာပဲ.. ထတော့လေ ဘယ်ချိန်ရှိနေပြီလဲ အုံးမောင်းတောင် ခေါက်ပြီးနေပြီ… ဇနီးသည် မယ်မြ၏ အာရုံဦး အုံးမောင်းပါခေါက်ပါလေပြီ
ဟွန်.. အင်းပါဟ… ဘတိုး အိပ်ချင်မူးတူးနှင့် ကွေးရင်မှပြန်ဖြေလိုက်သည်… အာ ထဆို…. လယ်ထဲဆင်းရမယ်လေ.. နွားတွေကြွေးရမှာကို….
ဘတိုး တစ်ဘက်လှိမ့်ပြီး ဆက်ကွေးပြန်ပြီ.. မယ်မြ သိပ်စိတ်ရှည်ပုံမရတော့.. ကုတင်ဘေးမှနေ ဘတိုးကိုယ်ပေါ် မှောက်ချရင်း နှိုးလေပြီ….
ထဆို… ထမလား မထဘူးလားပြော… ဘတိုးက ဘာမှပြန်မဖြေ ….. ကွေးပြီးရင်း ထပ်ထပ်ကွေးချင်နေပုံပဲ..
မိနစ်ဝက်ခန့် မယ်မြ သီးခံစောင့်ဆိုင်းလေ သည်…. ခဏကြာသော်
“ခွပ်”…. အား ….. သေပါပြီ မယ်မြရယ်….
မာတောင့်တောင့် အရာတစ်ခုက ဘတိုး နဖူးပေါ်ကျလာပေသည်… အမှန်ဆို မယ်မြကိုယ်ပေါ်မှောက်ပြီးနှိုးကတည်းက ဘတိုးသိဖို့ကောင်းသည်… အခုတော့… မယ်မြ က ဓါတ်မီးခေါင်းနဲ့ နှိုးလိုက်ရသည်… ဒီလိုပဲ ဒီလင်မယားက မနက်တိုင်း ဘတိုးက မနက်ထရမှာအသေကြောက် မယ်မြတို့က ဓါတ်ဆို ခွပ်ကနဲ လက်ကမြန်မြန်နဲ့… အာရုံဦးအကြင်နာအနမ်းက ဘတိုးနဖူး အဖုထအောင်တောင် ဖြစ်ရပြီပေါ့..
ဘတိုးကလည်း အဲလိုနှိုးမှကိုရတာ…
ဘတိုး အိပ်ချင်မူးတူးနှင့်.. နွားစားကျင်းကိုသွားပါတော့သည်… နွားတွေအစာကျွေးရမယ်လေ.. ဒီချိန်က နေကပူပူနဲ့ နေမွန်းတိမ်းအောင် ထွန်ပြီးမှ ပြန်သိမ်းရတာလေ… ဘတိုးနွားကိုမဆွဲသေးပဲ.. နွားစကျင်းနားမှာ.. ပုဆိုးခြုံပြီး ဆွဲနေသည်… အဲလေဟုတ်ပါဘူး ယောင်လို့… ငုတ်တုပ်ငိုက်နေသည်… ဒီအထာတွေ နောကျေနေတဲ့မယ်မြက ….
“ဟာ.. ကိုဘတိုး…… ” ဟင်… အေးပါဟ ဆိုပြီးပြန်အလှည့် နွားသေးခွက်ထဲ ခြေထောက်ကျပြီး မှောက်လျက်လဲပါတော့သည်… ” ဒီမိန်းမတော့ကွာ.. ငါ့ကို သေကြောင်းပဲကြံနေတော့တာပဲ ” ဘတိုးငယ်သံပါအောင် အော်လိုက်သည်… ဒါပေမယ့် အသံကထွက်မလာဘူး လည်ချောင်းထဲတင်ပျောက်နေတယ်.. ဘယ်အော်ရဲမလဲ… ဘတိုးတို့ အော်ကြည့်ပါလား မယ်မြက စောစောစီးစီး မီးမွှေးပစ်မှာပေါ့.. ရန်ဖြစ်တာကိုပြောတာနော်.. အိမ်မီးရှို့တယ်ထင်မနေနဲ့ဦး .. ခေတ်အထာလေးနဲ့ပြောတာ… ဒါက ဘတိုးတို့ မယ်မြတို့တဲ့ သာယာဟစ်ကြွေး နံနက်ခင်း မင်္ဂလာတေးပဲလေ..
အမှန်တော့.. သူတို့လင်မယားက အရမ်းချစ်တာပါ… ဒီအချိန်လေးကတော့ ဒီလိုပဲလေ… ဘတိုးကလည်း ညဆို အိပ်မှမအိပ်တာ.. မနက်ဘယ်ထချင်မလဲ… ဘတိုးထချင်တဲ့ရက်ဆို ဘတိုးက စောစောအိပ်ပြီး ည နှစ်ချက်ထိုး သုံးချက်ထိုးလောက်ကတည်းကကို ထနေတာ… ဘတိုးထတော့ မယ်မြပါမထလို့မရဘူးလေ… အင်း… အဲဒီရက်က ဥပုတ်ရက်မို့ပါ.. မနက်စော ကျောင်းဆွမ်းပို့ဖို့ မယ်မြကချက်.. ဘတိုးက ဘုန်းကြီးကျောင်းသွားဖို့… နွားစာထစဉ်း.. နွားတွေအစာကျွေးနေရင်း အိမ်အလုပ်တွေအရင်လုပ်နေတာပေါ့…. ကုသိုလ်ရေးကြတော့ နှစ်ဦးသားတက်ညီလက်ညီပဲဗျ… ဟော… နောက်ပြီး သူတို့ရွာလေးကိုကြည့်လိုက်ဦးဗျာ… အင်တာနက်နဲ့ စာကြည့်တိုက်နဲ့ဗျာ.. Broadband တွေနဲ့ သုံးတယ်ဆိုပဲ… ရွာကြည့်တော့ မြို့နဲ့အဝေးကြီး ခေတ်မှီလိုက်တာဗျာ…
သူတို့ရွာကိုသွားချင်ရင်တော့ တာယာဖိနပ်ကို ငါးရံလောက်မှရမယ်ထင်တယ်… ဒါတောင် နောက်ဆုံးအရံကို ရေလောင်းစီးရမယ်နဲ့တူတယ်ဗျ…. ဒါပေမယ့်အထင်တော့ မသေးနဲ့နော်…. ရွာကလေးပေမယ့်.. ကမ္ဘာကြီးတောင်သူတို့ရွာသားတွေက ဇနပုဒ်လို့ထင်တာ.. ပြောပေမပေါ့… အင်တာနက်တွေ ဘာတွေနဲ့ကိုး… အိမ်မှာတော့ ဘတိုးတို့က ငြိမ်နေပေမယ့် ရွာထဲမှာတော့ ဘတိုးကဆရာလေ.. အင်တာနက်ဆိုတာ ဒီရွာသားတွေသိအောင်.. ဘတိုးပဲစွမ်းဆောင်ခဲ့တာလေ… ဘတိုးက အရင်ကမြို့မှာနေဘူးတာကို… သူအင်တာနက်တွေ ကွန်ပျူတာတွေသုံးတတ်တာလား… ဟား… အဆန်းမှတ်လို့ဗျာ… သူ့ဘကြီးဘုန်းကြီးကို ကြည်ညိုတဲ့ ဒါယိကာတွေ ဒါယိကာမတွေက နိုင်ငံခြားမှာဆိုပဲ.. တရားဟောရင် ဖုန်းနဲ့ဟောရတာ.. အကုန်ကျများလို့တဲ့.. အွန်လိုင်းကနေဟောဖို့လှူထားတာတဲ့ဗျာ…. အဲဒီမှာ ဘတိုးက ချက်တင်းဆိုလား၊ ဂျီတော့ဆိုလား.. သမင်တော့ဆိုလားပဲဗျာ အဲဒါတွေကို သူ့ဘကြီးဘုန်းကြီးက သင်ပေးလိုက်တယ်တဲ့ဗျာ…
သူပြန်ရောက်တော့ သူတို့ရွာကလူတွေနဲ့တိုင်ပင်ပြီး ဆုပေါင်းဝယ်ကြတာ အခုဆို ၁၀ လုံးကျော်ကျော်တောင် အင်တာနက်တွေရပါပေါ့.. ဘတိုးတို့က တော့ သူဦးဆောင်တဲ့ ကဏ္ဍလေးဆိုတော့ သူ့အိမ်မှာ ဆာဗာထားတယ်ဗျာ… သူအတွက်တော့ တစ်လုံးသီးသန့်ထားတာပေါ့…
အော ပြောနေတာနဲ့.. ဘတိုးတောင် တောထဲသွားတော့မယ်…
ဟေးမယ်မြ… ငါယာထဲသွားတော့မယ်… ဘတိုးက ထွန်ရှဉ်းကြီး တန်းလန်းနဲ့ မယ်မြကို ပြောလေတော့သည်… မယ်မြက အသင့်ယူလာသော ထမင်းဘူးကို ဘတိုးလက်သို့ အသာထည့်ပေးရင်း….
ကိုဘတိုး ဒီနေ့ ရှင် စောစောပြန်ခဲ့နော်… ညနေကျရင် ကျုပ်က ထမင်းမချက်ဘူး… ရှင်ချက်.. ကျုပ် အွန်လိုင်းပေါ်တက်ပြီး… ဘလော့ဂင်းလိုက်ဦးမယ်…
ထွန်းရှဉ်းရပ်ရင်း နားထောင်နေသော ဘတိုးက…. အာ ဒီမိန်းမ… ဆိုပြီး ပြန်လှည့်လာမယ်မထင်ပါနဲ့.. အသာလေးထွက်ပါတော့သည်…
မွန်းတိမ်းချိန်ရောက်တော့… ဘတိုး ပြန်လာပါပြီ ချွေးတပြိုက်ပြိုက်နဲ့ ဆေးပြင်းလိပ်ကြီး ပါးစပ်မှာ လျှိုလို့ပေါ့…
မယ်မြရေ…. နွားပေါက်စကို ဖမ်းချည်ပါဟ…. မယ်မြ တုတ်တုတ်မျှ မလှုပ်ပါ… အွန်လိုင်းမှ ငုတ်တုပ်ပွားနေပါတော့သည်….. နွားပေါက်စကလည်း တွေ့ကရာတိုက်ရင်း မြက်ထုံးကို ပြေးစားပါတော့သည်.. ဘတိုးသူ့မိန်းမကို အော်ရင်း အော်မရတော့ ဒေါသထွက်လာတော့ တံပိုးကြီးဖြုတ်ပြီး ပြေးရိုက်လိုက်တာ… ကျောကို ကော့နေတော့တာပဲ… မယ်မြအော်သံထွက်မလာဘူး…. ဘယ်အော်မလဲ အရိုက်ခံရတာ နွားပေါက်စလေ… ဒီလိုနဲ့ဆောင်ကြီးအောင့်ကြီး နွားလိုက်ဖမ်းရင်း ထွန်ရှဉ်းကို ဖြုတ်သိမ်းပြီး ကွပ်ပျစ်ပေါ်တွင် လှဲချလိုက်သည်….
အဲဒီအချိန်မှာတော့… အလိုက်သိတဲ့ချစ်ဇနီးမယ်မြက ရေတစ်ခွက်ကို စေတနာဒလဟောနဲ့… ဖလားကြီးကြီးနဲ့ထည့်လာပြီး… ဘတိုးရှိရာသို့ကမ်းလိုက်ပါတော့သည်… ဘတိုးတို့များ ရေတိုက်လိုက်တာနဲ့တင်.. တစ်ခါတည်း ခွေကျသွားတော့တာပဲ… အမောပြေသွားတာကိုးဗျ…
ဘတိုးက သူ့မိန်းမဆို ဦးစားကိုမပေးတာ… မယ်မြတို့က ထင်းဆိုတာနဲ့ ခွဲပြီးသား…. ရေဆိုတာနဲ့ ခပ်ပြီးသား အကုန်လုံး ဘတိုးက သိမ်းကျုံးလုပ်ပစ်တာ.. မယ်မြကို နည်းနည်းလေးမှဦးစားမပေး… ထမင်းစားချိန်လေးတော့ ဦးစားပေးတယ်ဗျာ.. မယ်မြကို ဟင်းတွေထည့်ပေးလိုက်နေတာများ.. ခင်ဗျားမြင်ရင် အားကျသွားဦးမယ်…
ကိုဘတိုးသတင်းထူးတယ်တော့….. ဘလော့ဂါတွေကို အကယ်ဒမီပေးမယ်ဆိုပဲ…
မယ်မြက အားတက်သရောပြောလိုက်တော့.. ဘတိုးတို့ လှဲနေရင်းက နားရွက်တင်မဟုတ်ဘူး ခေါင်းပါထောင်လာပါတော့သည်….
ဘာ .. ဘယ်လို …ဘယ်လို… ဘလော့ဂါတွေကို အကယ်ဒမီပေးမယ် ဟုတ်စ မယ်မြ… ဘတိုး အလန့်တကြားနဲ့ ဘယ်လိုပေးမှာလဲဟ ငါ့ပြောစမ်းပါဦး..
အကယ်ဒမီသံကြားတာနဲ့ ဘတိုးက အငမ်းမရဖြစ်နေတော့သည်… ငယ်ငယ်က မြို့မှာသွားနေတာ ဓါတ်ရှင်မင်းသားလုပ်ပြီး အကယ်ဒမီတောင်ရအောင်ယူမယ်ဆိုပြီး သူသွားတာ.. သူ့ရုပ်ကလဲ.. အကယ်ဒမီရချင်စရာပဲဗျ… ဗိုက်ကပူပူ… ခေါင်းက ဗွေလည်ကပြောင်နဲ့.. အရပ်ကပုသေးတယ်.. ဒီတော့ ဘယ်ရုပ်ရှင်မင်းသားဖြစ်မလဲ.. အကယ်ဒမီဆိုတာဝေးစွပေါ့… ဒါပေမယ့် မယ်မြကိုတော့ ယူချလာတယ်ဗျာ… ရုပ်ရှင်မင်းသားမဖြစ်ပေမယ့်.. မင်းသမီးလုပ်လို့ရတဲ့ သူ့ဇနီးမယ်မြကိုတော့ ဘယ်လိုရအောင်ယူလာလဲမသိ..
ဟောကြည့် ခုချိန်ထိအကယ်ဒမီဆိုတာနဲ့ ပိုးကမသေသေးဘူး…. မယ်မြ… လုပ်ပါဦး ငါ့ကိုနည်းနည်း ပြောပြစမ်းပါဦးဟ..
မယ်မြကလည်း စပါးလုံးရွေးရင်းနှင့် အိုက်တင်ပါပါနဲ့မျက်မှန်ကို ကျော်ကြည့်ပြီး ..
အော် .. ဟုတ်ပါတယ်ဆို… မဲပေးစနစ်နဲ့တဲ့တော့… တော့ဘလော့ကို ဘယ်နှစ်ယောက်လာလဲ သွားကြည့်ပါလား… ကျုပ်တောင် ထမင်းအိုးကြီးတန်းလန်းနဲ့မိုဆုံးအောင်မကြည့်ခဲ့ရဘူး … ညနေစာအတွက်စပါးလုံးရွေးရင်း မယ်မြ၏ ပုံသေအိုက်တင်နှင့် ပြောပါလေတော့သည်… ဘတိုးက အင်တာနက်ကို ပြေးကြည့်မယ်လုပ်ရင်းမှ မယ်မြအားတစ်ချက်လှမ်းရှိုးလိုက်ပါတော့သည်…. ဘတိုး မယ်မြ ကို မြင်တော့ မျက်လုံးပြူးသွားပါတော့ သည် ..အာဒီမိန်းမ…
မယ်မြ… နင်ကဘာတွေတွေးပြီး ဖီလင်တက်နေတာလဲ… ပါးစပ်ကပြုံးလို့… နင်စပါလုံးရွေးနေတာလား ဆန်ရွေးနေတာလား… ဟု ခပ်ဆဆအော်လိုက်တော့.. မယ်မြက ဟန်ကိုယ့်ဘို့ပြန်လုပ်ရင်း.. သိပါတယ်တော့.. ရှင်ဆရာမလုပ်ပါနဲ့.. ကျုပ်ကြက်ကလေးတွေကြွေးနေတာလေ… မယ်မြရမ်းတမ်းပြီး ပါးစပ်ထဲတွေရာပြောပေမယ့် အနားမှာ ကြက်တော့တစ်ကောင်မှမရှိ… ရှိတာက ခွေးတစ်ယောက်နဲ့ လူတစ်ကောင်ပဲရှိတာလေ.. ဘတိုးအော်မယ်ဆိုလဲအော်စရာပေါ့.. မယ်မြလွင့်ပစ်တာတွေက စပါလုံးတွေမဟုတ်ဘဲ ဆန်တွေကိုး..
မဟုတ်ဘူးကိုဘတိုးရဲ့… ရှင်ကြီးသာ အကယ်ဒမီရရင်ကောင်းမှာဘဲဆိုပြီးတွေးနေတာ… ဘာလဲ ရှင်မလိုချင်ဘူးလား.. အကယ်ဒမီဘတိုး… ဘတိုးဘလော့ဂါဆိုပြီးလေ… ဟင်..
ဘတိုးဖီလင်တက်ပါပြီ… မေးကိုပွတ်သပ်ရင်း ပြုံးဖြီးဖြီးနှင့် စိတ်ကူးယဉ်နေပါတော့သည်… သူရေးတဲ့ ချော်တီးချော်ချက်ကဗျာတွေက သူ့ကိုယ်သူတော့ ဖီလင်တက်စရာပဲလေ… သူများတွေက မကောင်းတတ်လို့ရေးခဲ့တဲ့ comment လေးတွေတွေ့ရင်တောင် ဘတိုးက တနေကုန် ရွာထဲလှည့်ပြောတာ… ကျုပ်စာပေအရေးသားတွေက ဘယ်လောက်ကောင်းတယ်ဆိုပြီးပေါ့လေ…. မယ်မြကတော့ ကောင်းတာမကောင်းတာ သူ့အလုပ်မဟုတ်…. ဘတိုးအကယ်ဒမီရရင် ဆုငွေဘယ်လောက်ရမလဲဆိုပြီး တွေးနေတာတော့ သေချာသည်…
ဘတိုးလဲ… ကွန်ပျူတာကို လက်တပွတ်ပွတ် ချေတပွတ်ပွတ်နဲ့… ရင်ခုန်စွာဖွင့်ပါတော့သည်…. သူ့ဘလော့ကိုအရင်ဆုံးဝင်ကြည့်ပါသည်… ဆီပုံးဆိုတဲ့ ဘလော့စာတိုက်ပုံးလေးထဲမှာ.. ဘလော့ရှင်မင်းသားကြီးတစ်ယောက် ထားခဲ့တဲ့ အကယ်ဒမီဆိုတဲ့ link နောက်ကို ခြေရာခံပါတော့သည်… ဟိုလည်းရောက်ရော အလောသုံးဆယ်နှင့် ဘလော့ရှင်မင်းသားကြီးရေးတာတောင် သေချာမဖတ်ပဲ… အကယ်ဒမီအတွက် ဒီနေရာမှာ ၀င်ရောက်မဲပေးပါဆိုတဲ့.. စာကြောင်းဆီ အပြေးနှိပ်ပြီး… နှေးကွေးလေးလံစွာ တက်လာတဲ့ အကယ်ဒမီတွေရှီတဲ့.. MBBA ဆိုက်လေးတက်လာတာကိုထိုင်စောင့်ပါတော့သည်….
တက်လာတော့ ဘတိုး ခြေတုန်လက်တုန်နှင့် သူ့ဘလော့ လိုက်ရှာနေပါတော့သည်… စာမျက်နှာတစ်ကို ပြူးနေအောင်ကြည့်ပါတော့သည်… မတွေ့… မပါသေးပါလား… ဟော ၂ မှာရှိမှာပဲ.. ၂ တရွက်လုံး အခေါက်သုံးဆယ်လောက်ပြန်ကြည့်.. မတွေ့…. ကဲနောက်တစ်ရွက်… ဟင်အင်းတဲ့.. အဲလိုနဲ့လှန်သွားတာ… သူ့ဘလော့က ပါမလာသေးဘူုး…. ကဲဘာပဲဖြစ်ဖြစ် မဲပုံးရှိရာသွားကြည့်ဦးမှဆိုပြီး…သွားလိုက်တော့.. ဘလော့တွေတန်းစီရေးထားတာတွေ့ပါပြီ… ရာနဲ့ချီနေတဲ့ ဘလော့တွေထဲ သူ့ဘလော့လေးကိုပြူးပြဲနေအောင် ခေါက်ပေါင်းမရေနိုင်အောင်ကြည့်မှ… ဟောတွေ့ပါပြီ… အောက်ဆုံးမှာ ငါ့နာမည်လေးပါသေးပါတယ်ဟဆိုပြီး ဘတိုးက ဆေးပြင်းလိပ်ကို တအားခဲလို့.. ရင်တွေခုန်နေသည်…. ကိုယ့်ဘလော့ကို မဲပေးမှာဖြစ်ပေမယ့်.. သူ့မှာ.. ချက်ချင်းမ volt သေးဘူး… result ကိုပြေးကြည့်လိုက်တော့.. ဘတိုး နဖူးပါချွေးသီးသွားတယ်…. ဟဲဟဲ သုံညတဲ့… အောက်ဆုံးမှာ မပြောင်းလဲ စတမ်းရှိနေဆဲဗျာ….
ဟိုက်… မဖြစ်ချေဘူးဆိုပြီး.. ကိုယ့်ဘလော့တော့ ကြိုက်တယ်လုပ်ဦးမှဟဆိုပြီး မဲပေးပစ်ပါတော့သည်… အိုကေပဲ.. တစ်တဲ့… တက်သွားပြီ… ဟင်နောက်ထပ်ပေးမရတော့ပါလား… ဘတိုးစိတ်ထဲက အကြိမ်ကြိမ်ပေးမယ့်စိတ်ကူးက ပြိုကျသွုားပါတော့သည်.. ဘတိုး ဘာလုပ်ရမယ်မသိ… ငေါင်တောင်တောင် ငိုင်နေရင်း.. မယ်မြက နောက်နေ ဘုမသိဘမသိနှင့်..
ဟယ် ကိုဘတိုး တော်လိုက်တာရှင်…. ဘာမဆို ကျုပ်က အဲလိုဖြစ်ချင်တာ… ရှင်က ဘယ်ဆိုလို့လဲ… ကျုပ်ကလဲ ဘယ်သူနဲ့ယှဉ်ယှဉ်.. ကျုပ်ယောင်္ကျားက တစ်ဖြစ်နေမှတော့…. အခုရှင်က တစ်ဖြစ်နေတယ် အရမ်းတော်တာပဲ… မယ်မြက ပျားရည်အိုးထဲကမျက်နှာနှင့် ပြောပါတော့သည်…
ဘာ….. ဘတိုးဒေါပွလေပြီ… မယ်မြက ဘာမှန်းမသိဘဲနဲ့ပြောပေမယ့်… သူ့ကိုရွဲ့ပြီး ရယ်တယ်လို့ ထင်လေပြီ …
“မယ်မြ…” တစ်ခါမှမအော်ဘူးတဲ့လေသံနဲ့အော်လိုက်တော့.. မယ်မြကလည်း သူ့ယောင်္ကျား က တစ်ဖြစ်သွားတယ်ဆိုတော့ နည်းနည်းကြောက်ချင်ယောင်ဆောင်ဦးမှဆိုပြီး မျက်လုံးလေးပေကလပ်၊ ပေကလပ်နဲ့ ထောင့်ကပ်ပြီးနေလေပြီ…
မယ်မြ.. နင် ငါ့ကို စော်ကားတာလား… နင်ငါ့ကို ကြိုက်သလိုလုပ်သွား.. ငါ့အနုပညာမစောကားနဲ့…ဟု အသံမာမာနဲ့အော်ရင်း ခုံပေါ်တက်ရပ်ပါလေသည်… ဒေါသနှင်ခုံပေါ်တက်ရပ်တာ.. လက်ရန်းကို နင်းမိပြီး.. အလေးချိန်မမျှရှာတော့..ခုံက တစ်ဘက်စောင်းကာ ဘေးကိုလဲကျပါတော့သည်… ဒေါသကထွက် ရှက်ကလည်းရှက်တာမို့.. ဘတိုးလည်း စိတ်ပေါက်ပေါက်နဲ.. အိမ်ပေါ်ကနေ ဒရောသောပါးဆင်းပြေးရှာပါတော့သည်..

မှတ်ချက်။ အတွေးရှိလျှင် ဆက်ရန်ရှိမည်….မျှော်

Popularity: 12% [?]

26 Responses to “အကယ်ဒမီဘတိုး… ဘတိုးဘလော့ဂါ”

  1. အကိုရေ .. ဟုတ်သဗျ .. ဆက်ဆွဲထား ..

  2. တော်တော်ဖတ်လို့ကောင်းတဲ့ဝတ္တုလေးပါ. ခုပေးတော့မယ့်ဘလော့အကယ်ဒမီနဲ့ ကိုက်ညီတယ်
    အရမ်းဖတ်လို့ကောင်းပါတယ်.

  3. ကောင်းတယ်ဗျိုးးးးးးးး
    ဆက်ရန်မျှော်နေမယ်

  4. ကိုမျိုးရေ ပွဲတွေဆူနေတယ်နော် ကြောက်ဘူးလား :P

  5. ရေးထားတာကကောင်းလွန်းတော့ လည်း ဆက်ရန်မျှော်ရတာ စိတ်မောပါ ကြောင်း

  6. ကြောက်ဘူးကွေ့…. :) ဆက်ရေးဦးမှာ… ကြောက်လားမေးရင် ဇတ်ဆောင်အဖြစ်ဆွဲထည့်မှာပဲ… သရုပ်ဆောင်လိုနေတာ.. ဘတိုးဖျားနေလို့. ဆက်ဖို့ရှာနေတာနော်… ဟားဟား

  7. ဆက်ရေးပါ ဗျာ ကောင်း လွန်း လို့

  8. မျှော်ထား ကိုဖိုးဂျယ်ရေ.. အားပေးတာ ကျေးဇူးဗျာ.. စိတ်ကူးရှိရင် ဆက်မှာပေါ့…

  9. အီကယ်ဒေမီလား.. မယူပါရစေနဲ့ဗျာ…. မယ်မြကရောင်းစား မယ်လို့ မနေ့ညကပြောလို့…. မရမှန်းလဲ သိတယ်လေ..ဟဲဟဲ… ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးဗျာ…

  10. ဖြိုးငယ်တို့ကတော့ အကို့ကို အရောက်ပို့မယ်ဆိုတာချည်းပဲ.. ဘာလုပ်လုပ် ကောင်းတယ်ချဆိုတာချည်းပဲ.. ဘာပဲပြောပြော အားတော့ တက်သားကွား.. ချဦးမယ်

  11. ဟား..ဟား.. ရှယ်ပဲ.. ဘတိုးက လေးမ ထပ်သာသွားပြီ.. လေးမ တောင် ကိုယ့်ကိုယ်ကို ဘယ်လို vote ရမှန်းမသိလို့  ၀င်ကြည့်လိုက်.. ပြန်ထွက်လိုက်လုပ်နေတာ…။ ဟာ..ဟ.. ရွှီ.. ဆွဲသာဆွဲ.. မိုက်တယ်.. ဆရာရေ့…။

  12. မလေးမတို့က ပို့ပြီအရောက် ပို့လို့ကတော့ သွားပြီးသားပဲ… လာမယ်…ဗျို့… ခဏလေးပေါ့ဗျာ… မလေးမရေ.. ဘတိုးနဲ့တော့ မယှဉ်နဲ့လေ.. ဘတိုးက Global villager လေ ဘကြီးဘုန်းကြီးကျောင်းမှာ.. ကျောင်းအိပ်ကျောင်းစား နေလာတာဗျ..

  13. မိုက်တယ်ဗျို့

  14. လန်ထွက်တယ်ဗျာ. အရေးအသားကတော့. ဆရာက ကဗျာလည်းရ ဒါလည်းရတာပဲဗျ. :) မိုက်တယ်ဗျို့. ဆက်ရန် မျှော်နေမည်. :D

  15. အနော် ဗန်းကိုင်မယ် :P

  16. ကောင်း လိုက်တဲ့ ဘတိုး မျှော် ရတာ မော တယ် ဗျ ဒါပေမဲ့ မျှော်တယ် မြန်မြန် နော် ဆရာ

  17. မျှော်ရတာ မမောရအောင် အမြန်ဆုံးနဲ့… ရေးလိုက်မယ်.. ဘတိုး အပြေးလာနေပါပြီ

  18. ငါ့ညီရေ… ဘန်းကိုင်လို့မရဘူးဟ… စကောကိုင်မှရမှာ..

  19. ဟားဟား… ဦးဦးဘတိုး …ဘတိုးဦးဦး… ဥိးဦးစိတ်ပြခန်း… မိုက်တယ်ကွာ……. ဆက်ရန်ကို မျှော်နေမယ်… အကယ်သမီ မိုးညန် ဖြစ်ပါစေ.. နော်… ဆုတောင်းပေးသွားတယ်…:P

  20. ဟားဟား Dream ရေ… အီကယ်ဒေမိက လာမယ့်နှစ်ကျရင် တစ်ရွာလုံးတစ်မျိုးလုံးကို လိုက် vote ခိုင်းပြီးယူမှာ.. အခုတော့ အမျိုးတွေ မစုံသေးလို့.. နေဦးနော်…

  21. မိုက်တယ်ဗျာ ဆက်ရေးပါဗျို့ စောင့်နေမယ်။

  22. ဆက်ရန်ကို မျှော်နေပါသည်… :)

  23. ဟီး အစ်ကိုရေ ကောင်းတယ် ဆက်ရေး ….
    ဘတိုးတို့က သူ့ဘလော့နာမည်လေးတွေ့ရသေးတယ်…. ဟဟ
    အစ်ကိုတော်မောင်မျိုး ဗန်းကိုင်မယ်ဆိုပါလား….. :P :P

  24. အဟား ဆက်ရန်ပါရှိသေးသဗျ။ မိုက်တယ်ဗျို.။ ကိုဘတိုး အကယ်ဒမီရရင် ဆိုင်မှာရော ဧည့်ခံပွဲတွေဘာတွေ လုပ်ဦးမှာလားဗျ။ ဟီး ဂျာနယ်အတွက် သတင်းလာယူမယ်။ ပြီးရင် အ၀တီးမယ် ရှယ်ပဲ။

  25. အကိုရေ ရေးထားတဲ့ ဇတ်ကို သဘောကျပ။ ကို ဘတိုး အကယ်ဒမီ ဆု တက်ယူခြင်းဆိုပြီး မြင်ယောင်ကြည့်ချင်သေးတယ်။ :) ကျနော်တော့ ပွဲဆူတာတွေ ကြည့်ပြီး ဘလောလောက ဘက်တောင် မလှည့်ဖြစ်တာ ကြာနေတယ်။ ဒီနေ့တော့ သတိတရ လာလည်ပါတယ်။
    အကယ် ဒမီ ဘတိုး အဆက်ကို မျှော်နေ ပါကြောင်း ။

  26. ကိုဘတိုးက ကံကောင်းလိုက်တာ… နေ့အိပ်မက်တို့များ ကိုယ်ကြိုက်တဲ့လူသုံးလေးယောက်ကို မဲပေးဖို့ သုံးလေးနေရာသွားတာတောင် တစ်ခါမှမရဘူး။ အဲလိုတင်းကျပ်တာနော….. :P

Leave a Reply