ရင်နင့်ဖွယ်အမေ..

အမေ.. ကြွေလွင့်နေတဲ့ရွက်ဝါတွေ
ပင်အိုမှခွဲ လေနှင်ရာဝဲသလို
အမေ့ရင်ငွေ့ထဲက သားတွေသမီးတွေလည်း
ရေမြေခြားမှာ ဟိုကနေဒီလွှဲ
တ၀ဲတလည်လည်ပါပဲအမေ….

အမေ.. ခေတ်ရဲ့ပြောင်းလဲမှုတွေကြားမှာ
အမေ့ရဲ့သားသမီးတွေ တိုးဝှေ့တွန်းတက်
ဝဲဂယက်တစ်ခုလိုပါပဲ…
ခေတ်ထဲမှာ တိုးတက်ဖို့ အမေ့ယဉ်ကျေးမှုတွေဖျောက်ဖျက်
ဝတ်ရတာအနှောက်ယှက်ဖြစ်တယ်တဲ့အမေ..
ဒီလိုနဲ့ပဲ.. အမေ့ယဉ်ကျေးမှုတွေ တဖြေးဖြေးကွယ်ပျောက်
လမ်းဘေးတောင်ရောက်ရောပေါ့…

အော်… ဒါပေမယ့်.. အမေ့ယဉ်ကျေးမှုကိုကွယ်ဖျောက်
ခေတ်နောက်ကို တောက်လျှောက်လိုက်နေတဲ့ အမေ့သားသမီးတွေ
ခေတ်အောက်မှာ နောက်ကောက် သူတပါးအောက်မှာ
ပြားပြားမှောက်နေကြဆဲပေါ့

အမေ.. နာကျင်လှိုက်ကြွ ရင်ထဲမှာ ဒေါသတွေ ပေါ်လာတဲ့အခါ
အမေ့ရဲ့သမိုင်းတွေ ပြန်လှန်ပြ.. ပုဂံခေတ်နှောင်းပိုင်းကတည်းက
အမေက မုဆိုးမတပိုင်းပါပဲလား…
အမေ… သွေးရဲတဲ့ အမေ့သားတချို့ သွေးကွဲသူက ကွဲနေပြီ..

ဒီလိုပါပဲ အမေ့သမီးတွေလည်း ဆံထုံးပေါ်မှာ ပုဝါလွှား
ဘာသာခြားတွေကြားမှာ အခစားဝင်သူက၀င်
အမေ့သမီးမှန်းသိလို့ လမ်းပေါ်မှာ ရုတ်တရက်
နှုတ်ဆက်မိတဲ့ခဏတောင်..
ရှက်လို့တဲ့အမေရယ်.. အမေ့သမီးမဟုတ်ကြောင်း
ဟန်ဆောင်ကောင်းကြသေးတယ်….

အခုများဖြင့် အမေရယ်..  အမေရဲ့ ပညာတတ်သားသမီးတချို့
သူများအိမ်မှာကျွန်လုပ်ဖို့တဲ့အမေ.. အမေ့ရင်ခွင်ထဲက ရှိသမျှထောက်ခံချက်တွေဆွဲ
တဖွဲဖွဲ. တဖြောက်ဖြောက်.. ဟိုကနေဒီရောက်.
ပျောက်သူပျောက် သေသူသေ
အမေရေတောင် မခေါ်အား သူစိမ်းများကြားမှာ အခစားဝင်
နင်းသမျှခံ ပေးသမျှယူ ငြူဆူစရာပါပဲအမေ…

သူစိမ်းတို့အောက်မှာ ဘာရာထူးပဲရရ ဘယ်မှာပဲနေနေ
သူစိမ်းဆီမှာ သခင်မဖြစ်သမျှ.. အမေ့ရဲ့သားသမီးတွေ
ကျွန်ဘ၀ပါပဲဗျာ…

အမေ… သူတစ်ပါးအိမ်မှာ ကျွန်လုပ်နေဆဲ
မသဲကွဲလို့ဆိုပြီး အိမ်ရှင်က ဘယ်သူ့သားလည်းလို့မေးတော့
ဝမ်းသာအားရ အမေ့သားလို့ပြောယုံရှိသေး..
လွှဲသွားတဲ့မျက်နှာ ဂရုဏာအချို့နဲ့မျက်နှာ
နှိမ်ချင်တဲ့မျက်နှာ အလွှာစုံကိုမြင်တော့
ဆို့နင့်လှိုက်ဖို ရှိုက်လို့သာငိုချင်တယ်အမေ…

Popularity: 8% [?]

8 Responses to “ရင်နင့်ဖွယ်အမေ..”

  1. what a lengthy and in depth article but full of useful information

  2. ဒီကဗျာမကြိုက်ဘူး။ လခစားလုပ်တိုင်းကျွန်ဆိုရင် တစ်ကမ္ဘာလုံးကလူတွေ ဘယ်လိုသွားလုပ်ကြမလဲ။ သူစိမ်းဆီမှာလုပ်တယ်၊ လူမျိုးခြားဆီမှာလုပ်တယ်ဆိုတာ ဒီခေတ်မှာအဆန်းမှ မဟုတ်တာ။ ခုနေ့အိပ်မက်နဲ့ မျက်နှာချင်းဆိုင်မှာ စင်္ကာပူရီးယန်းတစ်ယောက်အလုပ်လုပ်နေတယ်။ နေရာက စင်္ကာပူက မြန်မာရုံးခန်းမှာ။ ကဲ.. သူကကျွန်လား။ မြန်မာပြည်ကရုံးခွဲမှာ တရုတ်ပြည်ကတရုတ်တွေ၊ စကာင်္ပူရီးယန်းတွေ အများကြီးအလုပ်လုပ်နေတယ်။ သူတို့တွေက ကျွန်တွေလား။

  3. နေ့အိပ်မက်ရေ… ပြတ်သားစွာသုံးသပ်ပေးခြင်းအပေါ် ကျေးဇူးပါ… ဒါပေမယ့် ကျနော်ပြောချင်တယ်.. ကျနော်တို့ဆီကလူတွေ ပြည်ပမှာ အရည်ချင်းချင်းတူခဲ့ရင် နေရာပေးခြင်းမတူသလို အခွင့်ရေးဆိုတာလည်း များစွာခြားနားပါတယ်.. တန်းတူညီသော အရည်အချင်းရှိပါရဲ့နဲ့ တူညီသောအခွင့်ရေးကို တန်းတူထက် များစွာလျော့နည်းစွာခံစားရမယ်ဆိုရင် အဲဒါကျွန်ဘ၀ပဲ.. ကျေနပ်လို့နေနေတဲ့သူတွေရှိသလို ကိုယ့်ရပိုင်ခွင့်တွေပေါ်မှာ ဘာမှ ပြောဖို့ဆိုဖို့ မတတ်သာလို့ မျက်စေ့စုံမှိတ်ကြိတ်မှိတ်ပြီးနေနေရတဲ့ သူတွေက မြန်မာပြည်ကထွက်ခွာသူတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းအထက်မှာရှိတယ်လေ… မြန်မာပြည် ရုံးခွဲက စင်္ကာပူရီးယန်းတွေ တရုတ်တွေက သူတို့လိုချင်တဲ့အတိုင်းရသလို သူတို့ကို မြန်မာပြည်ရုံးခွဲက ဆက်ဆံတာနဲ့ ကျနော်တို့မြန်မာတွေကို သူတို့တွေဆီက ဆက်ဆံတာတွေဟာ များစွာခြားနားနေမှာပါ… ကျနော်တို့မြန်မာတွေကို ပြည်ပကခန့်တာက လစာနည်းနည်းလေးနဲ့ ခိုင်းလို့ရလို့ ခေါ်ထားတဲ့သူကများပါတယ်.. ကျနော်တို့တွေကို သိပ်တော်လွန်းလို့ မြန်မာပြည်က ကျွမ်းကျင်တဲ့ပညာရှင်တွေမို့ တလေးတစားခေါ်ထားတာမဟုတ်ပါဘူး… နေ့အိပ်မက်ပြောတဲ့သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်.. သူတို့တွေရဲ့ အခွင့်ရေးနဲ့ ကျနော်တို့အခွင့်ရေးနှိုင်းကြည့်လိုက်ပါ… မြန်မာပြည်က လူတွေမှာ ကျနော်သုံးသပ်တာမလွဲဘူးဆိုရင် ၈၀% လောက်က တစ်ဆစ်ချိုးခံထားရတဲ့သူတွေချည်းပဲလို့ ကျနော်မြင်တယ်…. မနေ့အိပ်မက်ပြောတဲ့ တစ်ကမ္ဘာလုံးကလူတွေက ကျနော်တို့လူမျိုးတွေလို မတတ်တာလို့ လုပ်နေရတယ်လို့ ကျနော်မထင်ဘူး.. သူတို့ရတဲ့အခွင့်အရေးအပေါ်မှာ ကျေနပ်ကြပါတယ်.. ကျနော်တို့လူမျိုးတွေကတော့ မချစ်သော်လည်း အောင့်ခါနမ်းတွေ အများကြီးရှိနေတာကို နေ့အိပ်မက်တစ်ချက်လေ့လာကြည့်ပါဦး.. ကျနော်တို့လူမျိုးတွေနဲ့ သူတို့လူမျိုးတွေ၊ နောက်ပြီး အခြားလူမျိုးတွေ.. ဆက်ဆံပုံကအစ များစွာခြားနားပါတယ်…

  4. ရင်ထဲမှာ…ပြောမပြတက်အောင်
    ကျန်ခဲ့တဲ့ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ..
    နှစ်ခြိုက်လေးစားစွာ ခံစား၇င်း
    အမေ…………………..

  5. နောက်တစ်ခေါက်လာဖတ်သွားတာ။

    ကျွန်တော့်ရင်ဘတ်နဲ့ တိုက်ဆိုင်သွားတယ်။

    ကဗျာလေးကောင်းတယ်ဗျ။

    လေးစားလျက်…
    စံလင်းထွန်း

  6. ဒီကဗျာလေးက ရင်ထဲကိုလှိုက်လှိုက်လှဲလှဲ ကို ဝင်ရောက်သွားခဲ့ပါတယ်။ နင့်ကနဲ နေအောင်ကို ခံစားရပါတယ်။
    အမေတွေအားလုံးလည်း ကဗျာထဲကလိုပဲ ရင်နင့်နေကြမှာအမှန်ပါ ပဲ

  7. ဟုတ်ပါတယ်.. ခွဲခြားဆက်ဆံတာတွေ.. လစာနှိမ်ပေးတာတွေ မရှိဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ စိတ်သာရှင်စော ဘုရားဟောဆို။ ကျွန်စိတ်မွေးရင် ကျွန်ဘ၀က တက်မှာမဟုတ်တော့ဘူး။ နေ့အိပ်မက်ဆိုလိုတာက ခွဲခြားတာတွေ နှိမ်တာတွေ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်ဆိုတဲ့ အသုံးအနှုန်းကိုမကြိုက်တာ။

    ဟိုစာရွက်တွေက ရှာလာတာဟုတ်ဘူး ကိုမျိုးဦးဥာဏ်ရေ…. ဘယ်သွားသွား မျက်စိနောက်အောင် ရနေတာ.. :( :( :(

  8. ကဗျာအရေးအတော်ကောင်းတာပဲနော်
    ခံစားချက်ရှိပုံရတယ်

Leave a Reply